ပုလဲ၏အတိုင်းအတာယူနစ်များ

သဘာဝပုလဲများမှာ ရှေးနှစ်ပေါင်းများစွာကပင် ပါရှားပင်လယ်ကွေ့၊ပင်လယ်နီ ၊ အိန္ဒိယသမုဒ္ဒရာတို့ တွင်ပေါ်ပေါက်ခဲ့ရာပုလဲ၏ အလေးချိန်ကို အနောက်တိုင်းနိုင်ငံတို့၏ ချိန်တွယ်မှုစနစ်ဖြစ်သော ဂရိန်(grain) ယူနစ်ဖြင့် စျေးကွက်တွင် ချိန်တွယ်ရောင်းချခဲ့ကြပါသည်။ (1grain=0.00143pound=0.0648gram) သဘာဝပုလဲဖြစ်သောကြောင့် ပုံသဏ္ဍာန်ပုံမှန်  မရှိသဖြင့်အလေးချိန်ယူနစ် တစ်ခုတည်းဖြင့်သာ စျေးကွက်တွင် တိုင်းထွာခဲ့ကြခြင်းဖြစ်ပါသည်။ ရံဖန်ရံခါကြီးမားသော  သဘာဝပုလဲကြီးများပေါ်ပေါက်ခဲ့လျှင်လည်း ၎င်းတို့၏ အတိုင်းအထွာ ကို ဗြိတိသျှ စနစ်ဖြစ်သော လက်မဖြင့်သာ ဖော်ပြလေ့ရှိပါသည်။ မွေးပုလဲကို ၁၈၉၈ ခုနှစ်တွင်  ဂျပန်နိုင်ငံမှ   ပထမဆုံးစတင်ဖော်ယူပြီးနောက်     ပုလဲ၏အလေးချိန်ကို ဂျပန်လူမျိုးတို့၏  ရှေးဟောင်း အလေးချိန်ယူနစ်ဖြစ်သောမိုမီ (momme) ဖြင့်သတ်မှတ်ချိန်တွယ်ခဲ့ကြပါသည်။  ( 1 momme=3.75 gram )ပုလဲ၏အရွယ်အစားကို တိုင်းထွာ ရာတွင်အချင်း (Diameter) ကိုတိုင်းထွာဖော်ပြပြီးယူနစ်ကို မက်ထရစ်စနစ်ဖြစ်သော မီလီမီတာဖြင့်ဖော်ပြကြပါသည်။ ပုလဲတစ်လုံး၏အချင်းကို တိုင်းရာတွင် ပုလဲ၏အသေးငယ်ဆုံးအပိုင်းကို တိုင်းထွာခြင်းဖြစ်ပါသည်။ မွေးပုလဲအတွက် အသုံးပြုသောဝတ်ဆံလုံး၏ အရွယ်အစားကို တိုင်းထွာရာတွင်လည်း ဂျပန်တို့၏ ရှေးဟောင်းအတိုင်းအတာ ယူနစ်ဖြစ်သော ဘူ( Bu )ဖြင့် ဖော်ပြလေ့ရှိပါသည်။ (1 Bu = 3.03     millimeter) ဝတ်ဆံလုံးများ၏ အရွယ်အစားမှာ 1.3 Bu မှ 4.0 Bu အထိ အရွယ်အစား အမျိုးမျိုးရှိပါသည်။ တောင်ပင်လယ်ပုလဲထုတ်သော မုတ်ကောင်တစ်ကောင်အား ပထမဆုံး  အကြိမ်ဝတ်ဆံသွင်းလျှင် 1.3 Bu (၄ မီလီမီတာ)မှ2.2 Bu (၆.၆ မီလီမီတာ)အချင်းရှိသော ဝတ်ဆံလုံးများကို အသုံးပြုပါသည်။

 

Myanmar Pearl